November 21, 2012

နောင်တစ်ခေတ်၏ အောင်စစ်သည်များမွေးထုတ်ရာ စစ်တက္ကသိုလ်


မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ကြသည့် အရာရှိနှင့် စစ်သည်အဆင့်အတန်းအားလုံးအတွက် စစ်ပညာရပ်များ ကျွမ်းကျင်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရန် ကျောင်း/တပ်/စခန်းအသီးသီး တည်ထောင်ထားရှိပါသည်။ ၎င်းသင်တန်းကျောင်းများအနက် စစ်ပညာနှင့် စာပေပညာ စွယ်စုံကျွမ်းကျင်သည့် မြန်မာ့တပ်မတော်အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် စစ်တက္ကသိုလ်ကို တည်ထောင်ထားရှိခြင်း ဖြစ်ပေသည်။

တည်နေရာ
စစ်တက္ကသိုလ်ကို ၁၉၅၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် ပထဝီအနေအထားအရ ပိုမိုသင့်လျော်မည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

ဖွဲ့ စည်းပုံ
စစ်တက္ကသိုလ်ကို ဗိုလ်မှူးချုပ်အဆင့်ရှိသော ကျောင်းအုပ်ကြီးတစ်ဦးမှ ကွပ်ကဲအုပ်ချုပ်ပါသည်။ ကျောင်းဌာနချုပ်တွင် ကျောင်းအုပ်ကြီးအပြင် ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိတစ်ဦးမှ ဒုတိယကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ စစ်တက္ကသိုလ်တွင် လေ့ကျင့်ရေးဌာန၊ စာပေဌာနနှင့် အုပ်ချုပ်မှုဌာနဟူ၍ ဌာနကြီး(၃)ခုရှိသည်။ လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်တစ်ဦး၊ စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ုရှိ စာပေညွှန်ကြားရေးမှူး တစ်ဦးတို့က စစ်တက္ကသိုလ်၏ ရည်မှန်းချက်တာဝန်များ ပြီးမြောက်အောင် အကောင်အထည်ဖော်ရေးနှင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံသော အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ကွပ်ကဲလေ့ကျင့် သင်ကြားလျက်ရှိသည်။

လေ့ကျင့်ရေးဌာန
လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်သည် ဗိုလ်လောင်းတပ်ရင်း၏ တပ်ရင်းမှူးအဖြစ် တာဝန်ယူကွပ်ကဲအုပ်ချုပ်သည်။ ဤဌာန တွင် ဗိုလ်လောင်းတပ်ခွဲ(၈)ခွဲအပြင် လက်နက်သင်ဌာန၊ စစ်ရေးပြဌာနနှင့်ကြံ့ခိုင်ရေး ဌာနတို့ရှိသည်။ ဗိုလ်လောင်းတပ်ခွဲတစ်ခွဲစီတွင် ဗိုလ်မှူးအဆင့်ရှိ တပ်ခွဲမှူးတစ်ဦးက ကွပ်ကဲပြီး ဗိုလ်လောင်းတပ်စုငါးစု ပါဝင်သည်။ ဗိုလ်လောင်းတပ်စုတစ်စုချင်းကို ဗိုလ်ကြီးအဆင့်ရှိ တပ်စုမှူးတစ်ဦးစီက တာဝန်ခံအုပ်ချုပ်သည်။ ဗိုလ်လောင်းတပ်ခွဲ တိုင်းကို ပထမနှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းသားဗိုလ်လောင်းများဖြင့် ဖွဲ့ စည်း ထားသည်။ နှစ်ရင့်ဗိုလ်လောင်းများက နှစ်ငယ်ဗိုလ်လောင်းများကို ဆင့်ကဲထိန်းကျောင်း သည့်စနစ်လည်း ထားရှိစေသဖြင့် ဗိုလ်လောင်းများ၏ တစ်ကိုယ်ရေစည်းကမ်း၊ စိတ်ဓာတ်၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် စစ်ပညာ၊ စာပေပညာတိုးတက်မှုအတွက် အထောက်အကူပြုစေပါသည်။

စာပေဌာန
စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ရှိသော စာပေညွှန်ကြားရေးမှူးတစ်ဦးက ကွပ်ကဲပါသည်။ စာပေဌာနတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်အလိုက် ဌာန(၁၀)ခုရှိသည်။ ၎င်းဌာနများမှာ ဝိဇ္ဇာဘာသာရပ်အတွက် ပထဝီဌာန၊ သမိုင်းဌာန၊ ဘောဂဗေဒဌာနနှင့် စိတ်ပညာဌာနတို့ဖြစ်ကြပြီး သိပ္ပံဘာသာရပ်အတွက် သင်္ချာဌာန၊ ရူပဗေဒဌာန၊ ဓာတု ဗေဒဌာနနှင့် ကွန်ပျူတာဌာနတို့ ဖြစ်ကြသည်။ ဘာသာစကားဆိုင်ရာဌာနအဖြစ် မြန်မာစာဌာနနှင့် အင်္ဂလိပ်စာဌာနတို့ ရှိကြသည်။ စိတ်ပညာဌာနမှလွဲ၍ ကျန်ဌာနများ ကို ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ပါမောက္ခတစ်ဦးစီက တာဝန်ယူကြီးကြပ် သင်ကြား ပေးသည်။ စာပေညွှန်ကြားရေးမှူး၏အောက်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ လက်ထောက်စာပေညွှန်ကြားရေးမှူးတစ်ဦးက တာဝန်ခံကြီးကြပ်ပါသည်။ စာပေဌာန တွင် စာကြည့်တိုက်တစ်ခုနှင့် ပုံနှိပ်စက်တစ်လုံးလည်း သီးခြားထားရှိပါသည်။

စစ်တက္ကသိုလ်ဘွဲ့ နှင်းသဘင်အခမ်းအနား
စာပေဌာနတွင် ဗိုလ်လောင်းများအား တက္ကသိုလ်အဆင့် စာပေပညာရပ်များ ကျွမ်းကျင်နှံ့စပ်စွာ တတ်မြောက်ရေးအတွက် တာဝန်ယူသင်ကြားပေးကာ တတိယနှစ် အောင်မြင်ပြီးစီးပါက ဝိဇ္ဇာဘွဲ့ သို့မဟုတ် သိပ္ပံဘွဲ့ ကို အပ်နှင်းပါသည်။ ကျောင်းဆင်းအရာရှိများအား မည်သည့်လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့ ဆိုင်ရာ သင်တန်းများကိုမဆို လွယ်လင့်တကူ ဆက်လက်ဆည်းပူးနိုင်ရေးအတွက်လည်း ရည်ရွယ်သင်ကြားပေးပါသည်။ စာပေဌာနတွင် သင်ကြားပြသလျက်ရှိသော စစ်ဘက်/နယ်ဘက် ဆရာ/ဆရာမများအား မဟာဝိဇ္ဇာ/မဟာသိပ္ပံဘွဲ့ များ ရရှိနိုင်ရေး အတွက် ပညာဆက်လက်ဆည်းပူးခွင့်ကို စီစဉ်ဆောင်ရွက်ပေးပါသည်။

အုပ်ချုပ်မှုဌာန
ဤဌာနတွင် ဗိုလ်လောင်းများလေ့ကျင့်ရေး၊ စာပေသင်ကြားရေးနှင့် စစ်တက္ကသိုလ်တစ်ခုလုံး၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင် ရန် ဗိုလ်မှူးတစ်ဦးမှ တာဝန်ခံကြီးကြပ်ဆောင်ရွက်ပါသည်။ သရုပ်ပြတပ်ခွဲ၊ တပ်ထောက်တပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု၊ အထွေထွေတပ်စုနှင့် စစ်တီးဝိုင်းတပ်ခွဲတို့ကိုလည်း အသီးသီးဖွဲ့ စည်းထားရှိပါသည်။

ကြီးကြပ်ညှိနှိုင်းရေးကော်မတီ
အထက်ပါဌာနသုံးခုအပြင် စစ်တက္ကသိုလ်ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို လည်း ဖွဲ့ စည်းထားရှိပါသည်။ ဤကော်မတီသည် ဗိုလ်လောင်းများ၏ သက်သာ ချောင်ချိရေး၊ စစ်ပညာ၊ စာပေပညာသင်ကြားရေးဆိုင်ရာ ကိစ္စများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။ ကျောင်းအုပ်ကြီးသည် စစ်တက္ကသိုလ်အတွက် အပြည့်အ၀ တာဝန်ရှိသူဖြစ်ပြီး ဤကော်မတီနှင့် ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။

DSA 53 Intake 

0 comments:

Post a Comment