December 21, 2014

စစ်တက္ကသိုလ်ထမင်းဝိုင်းမှသည်.......

ဒီပုံလေး မြင်တော့ ဗိုလ်လောင်းဘ၀ က ထမင်းဝိုင်းလေးကိုသွားသတိရတယ် ။
ထမင်းဝိုင်းမှာ နောက်ဆုံး နှစ်စီနီယာ ၂ ယောက် က စားပွဲရဲ့ထိပ်စည်းမှာ ထိုင်ပါတယ် ။
နောက်ဆုံး နှစ် တွေ ဘေး ကတော့ ဒုတိယနှစ်တွေ ပါ ။
ပြီးကျမှ ပထမ နှစ် ဂျူ နီယာ ဗိုလ်လောင်းတွေ ထိုင်ရတယ် ။

ထမင်းစားတဲ့ ပုံစံခွက် မှာ ဟင်းတွေက စားရိပ်သာ က ဝိတ်တာတွေက ခပ်ပေးထားပါတယ် ။
ဒါပေမဲ့ အလယ်မှာ ထား တဲ့ ထမင်းအုပ် ခပ်တာ ၊ သောက်ရေ ခွက်ခပ်တာကို ဂျူ နီယာ ဗိုလ်လောင်းတွေက လုပ်ပေးရတယ် ။

စာသင်ခန်း က ပြန်တာနောက်ကျလို့ ပဲဖြစ်ဖြစ် ၊ တခြား ကိစ္စ ကြောင့်ပဲဖြစ်ဖြစ် ထမင်းဝိုင်း ကို နောက်ကျရောက်ရင် နှစ်ကြီး စီနီယာတွေ ဆီမှာ ထမင်းဝိုင်းထဲ ထိုင်ခွင့်သွားတောင်းရတယ်။
လရဲ့ ပထမ ၂ ပါတ် အင်္ဂလိပ်လိုပြောရမဲ့ ချိန်ဆိုရင် .... Request Permission to sit sir. ပေါ့ ။
(မှတ်မှတ် ရရ ... ထင်းမင်းဝိုင်းတူ သူငယ်ချင်း က ပြောချင်ဇောလောကြီးပြီး Request Permission to sister ဆိုလို့ ... ဟာ first year ငါ့ညီမ လာတောင်းတယ် ..စမ်း နေပြီ ...ဆိုပြီး အအုပ်ခံရသေးတယ်... ) ...လရဲ့ နောက်ဆုံး နှစ်ပတ်ဆိုရင်တော့ " ထိုင်ခွင့် ပြု ပါ " ဆိုပြီး သွားတောင်းရတယ် ။ အဲဒီ ချိန် စီနီယာ ဗိုလ်လောင်းကလည်း ခွင့်တောင်းမှု ကိုလေးစားသောအားဖြင့် ...ထမင်းစားရပ်ထားရတယ် ။ ပြီးမှ ထိုင် ပါ ဆိုမှ ကိုယ် ထိုင်တဲ့ ခုံ ကို သွားထိုင်ရတယ် ။

ကုလားထိုင် ကို ထိုင်ရင် ထမင်းစားပွဲ နဲ့ ရင်ဘက်နဲ့ ကပ်ထိုင်ရတယ် ။ ကိုယ်တွေက တော က တက်လာတာဆိုတော့ ဇွန်းခက်ရင်းနဲ့ စားကျင့် မရှိပါဘူး ။ ထမင်းဝိုင်းမှာ စီနီယာတွေကပဲ ဇွန်းကို ကလောင်ကိုင် ၊ ခက်ရင်းကို ဓားကိုင် ကိုင်ရတယ်ဆိုပြီးသင်ပေးတယ် ။ ထမင်းစားနေရင်း စီနီယာ က စကားပြောတာပဲဖြစ်ဖြစ် ...ထမင်းထပ်ထည့်ဖို့ ပဲဖြစ်ဖြစ် .... ဇွန်းခက်ရင်းကိုချရင် ... ဇွန်း နဲ့ ခက်ရင်းရဲ့ အမြီးကို ကားပြီးချထားရတယ် ။ ခု ပုံထဲ က ကာချုပ် ချထားတဲ့ ပုံစံမျိုးပေါ့ ။
တကယ်လို့ ကိုယ် က စားလို့ အားလုံးပြီးသွားပြီ ... စီနီယာတွေ ကမပြီးသေးဘူးဆိုရင်တော့ ဇွန်းနဲ့ ခက်ရင်းကို ယှဉ်လျှက် ပူးချ ထားပြီး ...ပါးစပ်တွေ သုတ် ပြီး စီနီယာဆီ မှာ ထမင်းဝိုင်းထဲ က ထွက်ခွင့် သွားတောင်းရတယ် ။ ပြီးမှ ကိုယ့် ဇွန်းခက်ရင်းကို ဆေး တဲ့ နေရာယူပေါ့ ။

ဂျူ နီ ယာ ဗိုလ်လောင်းဘ၀ က အမြဲ ခုန်ပေါက် ၊ ပြေးလွှား နေရတော့ အာဟာရ ပိုလိုလေ့ရှိတယ်။
တကယ်လို့ အာဟာရမပြည့်ရင် ၊ ကယ်လ်စီယမ် ဓာတ်လိုတာတို့ ဖြစ်လာရင် ကြွက်သားအလှုပ်ရှားများတော့ ကျီးပေါင်းတက်တာ ခဏခဏ ဖြစ်ကြတယ် ။ ဒီဘ၀ က ဖြတ်သန်းလာ ခဲ့ တဲ့ ထမင်း ဝိုင်း စီနီယာတွေ က အနည်းဆုံး ထမင်းကို ၃ ပန်းကန်စားခိုင်းတယ် ။ ကျွေးသမျှ အသား အကုန်စားရတယ် ။ အမဲသား မစားလို့ ၊ ဝက်သားမစားလို့ ရှောင်ထားတယ်ဆိုလည်း မရဘူး ။ နွားနို့ ဆိုလည်း မသောက်ချင်လည်း သောက်ရတယ် ။ သူတို့ စကေးလ် ရတဲ့ နွားနို့တို့ ၊ ကြက်ဥ တို့ ဆို ကိုယ်က စားရတာ များတယ် ။ ဒါပေမဲ့ အဲဒီတုန်းကတော့ မစားချင်လည်း စား ၊ စားချင်လည်းစား ဆိုတော့ စိတ်ထဲ မှာ ကျဉ်းကြပ်တာတော့ အမှန်ပဲ ။ ကိုယ် က စီနီယာ ဖြစ်လာတဲ့ခါ ကျတော့ ကိုယ့် နဲ့ ထမင်းတူတူ စားတဲ့ ဂျူ နီယာတွေကို သဘောပေါက်အောင်ပြောပြရတယ် ။ ဘာကြောင့် စားသင့်တယ် ၊ ဘာကြောင့် စားရမယ်ဆိုတာ ကို ပြောပြရတယ် ။ တခါတခါ ကျတော့ စေတနာ ဆိုပေမဲ့ သဘောပေါက်နားလည်မှု မရှိရင် တစ်ဖက်မှာ အနေရခက်တယ်ဆိုတာ ကိုယ့်တွေ့ ကြုံခဲ့ ဖူးတော့ နားလည်တယ် ။

ကျောင်းတော်ကြီး က သင်ပေးလိုက်တဲ့ စီနီယာ ဂျူ နီယာ သံယောဇဉ်စည်းနှောင်မှု ဟာ ကိုယ်တိုင် ကြုံဖူးသူတစ်ယောက်မဟုတ်ရင်နားလည်ဖို့ ခက်ခဲ ပါလိမ့်မယ် ။ အမိန့် ပေး စနစ် အောက်မှာ နေကြသည့်တိုင် ... ညီ အစ်ကိုချင်းတွေ ကြားမှာ ထားတဲ့ Mutual Respect , Mutual Relation တွေ က ပြန်ပြော ပြဖို့ တော်တော်ခက်ပါတယ် ။

အခု လုပ်တဲ့ ကန်တော့ ပွဲ က ၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉ ဆိုတော့ ကာချုပ်ဟာ ဂျူနီယာအကျဆုံးပါ ။
ရာထူးအရ လက်ရှိအကြီးဆုံးဖြစ်ပေမဲ့ သူ့စီနီယာတွေ ထမင်းစားရင်းစကားပြောနေတဲ့ ချိန် သူဘယ်လို စိတ်ထား မျိုး နဲ့ နားထောင် နေတယ်ဆိုတာ ... စစ်တက္ကသိုလ် တက်ခဲ့ ဖူးတဲ့ သူတွေ တော့ ကောင်းကောင်းနားလည်ကြပါတယ် ။


ရုပ် ဆိုး