December 5, 2015

# We were 53 #

အတိတ်ကို ပြန်လည်တူးဆွခြင်း မဟုတ်ပေမယ့်
မေ့လို့မရတဲ့ အတိတ်ဟောင်းတွေက လူတိုင်းမှာရှိသလို
ကျနော်တို့ အပတ်စဉ်မှာလည်း ရှိခဲ့ဘူးတယ်.....

ပျော်ရွှင်စရာအကောင်ဆုံးအချိန်မှာ ဝမ်းနည်းစရာ
တွေက ဝင်ရောက်နေရာယူ အစားထိုးခဲ့တဲ့နေ့ဆိုလည်း
မှားမည်မဟုတ်။ လွန်ခဲ့တဲ့(၅)နှစ်ခန့် ကဆိုပေမယ့်လည်း
ဒီဇင်ဘာလရောက်တိုင်း အဖြစ်အပျက်တွေကို မနေ့တနေ့
ကလိုပဲ ခံစားရင်း မျက်ရည်ဝဲနေရတုန်းပါပဲ။အဲဒီနေ့က
စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ဗိုလ်လောင်းသင်တန်းရဲ့
ကျောင်းဆင်းပွဲ(၁၀.၁၂.၂၀၁၅)နေ့လေးပေါ့.......

အဲဒီနေ့က အမိစစ်တက္ကသိုလ် ဝန်းကျင်တခုလုံး ဆောင်းရာသီရဲ့ သင်္ကေတ မြူနှင်းတွေက ပြည့်ဝစွာ နေရာယူ
လွှမ်းမိုးထားသလို မြူနှင်းနှင့်အပြိုင် မိုးရေစက်တွေကလည်း
ဟို ဒီ တစ်ပေါက်စီ စည်းကမ်းမဲ့စွာကျရောက်နေခဲ့တယ်။
ချယ်ရီရိပ် ရှိ သားကောင်းစစ်သည်တို့ကလည်း ကျောင်းဆင်းပွဲအတွက် နံနက်စောစောမှာပင် တက်ကြွစွာပြင်ဆင်မှုတွေပြုလုပ်ပြီး အရံစစ်ရေးပြကွင်းကို သတ်မှတ်ချိန်အရောက် စနစ်တကျ
ချီတက်နေရာယူခဲ့ကြတာပေါ့........

အရံစစ်ရေးပြကွင်းအတွင်း နေရာယူပြီးသည်နှင့်မိုးရေစက်တွေက နေရာအနှံ့အပြားမှာ ခပ်စိပ်စိပ်နေရာ ယူလာခဲ့ကြတော့ ကျနော်အပါအဝင်တပါတ်စဉ်လုံးမှာ စိုးရိမ်စိတ်တွေ
ဝင်ရောက်လာခဲ့ကြတယ်။ပူပန်မှု့တွေနဲ့ မိုးမရွာဖို့ဆုတောင်းခဲ့ကြပေမယ့် ဆုတောင်းတိုင်းမပြည့်ဘူးဆိုတာကို မိုးရေစက်တွေက သည်းထန်းစွာ ရွာသွန်းရင်း သက်သေပြခဲ့ကြတယ်။
"စက်ရုပ်တွေ မျက်ရည်ကျခဲ့ရပြီ"..........

စစ်တက္ကသိုလ်ဗိုလ်လောင်းတိုင်းရဲ့အသက်ဟာ
ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနား ပါ။မည်သည့်ဗိုလ်လောင်းမျှ တစ်သက်မှာ ၂ခါမကြုံရတဲ့ အခမ်းအနားပါ။
ယခင်နှစ်တွေက နောင်တော်စီနီယာများကျောင်းဆင်းပွဲမှာ
မိမိတို့အပါတ်စဉ်က နောက်ရံတပ်ရင်းနေရာမှ ပါဝင်ခဲ့သော်လည်း မိမိအပါတ်စဉ်ကျောင်းဆင်းပွဲစစ်ရေးပြနှင့် ခံစားချက်ချင်း မည်သို့မျှ ထပ်တူမကျနိုင်ပါ။ရင်ခုန်သံချင်းလည်းမတူနိုင်သလို ပီတိဖြစ်ရခြင်းများကလည်း ကွာခြားတယ်ဆိုတာ အပတ်စဉ်တိုင်းသိပါတယ်.........

မိမိတို့အပါတ်စဉ်မှ စိမ်းကားရက်သောမိုးပါပေ။တနိုင်ငံလုံးမှာရှိကြတဲ့ နေရာဒေသအသီးသီးက လာရောက်ကြတဲ့
မိဘတွေနဲ့ အခြားနိုင်ငံပေါင်းများစွာက ကျောင်းဆင်းပွဲအခမ်းအနားကိုတက်ရောက်လာကြတဲ့ အရာရှိကြီးတွေရဲ့ရှေ့မှာ
မိမိတို့အပါတ်စဉ်ရဲ့ အစွမ်းအစ၊စစ်ရေးပြ အရည်အချင်းတွေ
ကို ပြသခွင့်မရခဲ့ရှာပေ။ မိမိတို့(၃)နှစ်တာကာလပတ်လုံး
ဤစစ်ကျောင်းကြီးတွင် အပင်ပန်းခံ၊အဆင်းရဲခံ၍ စစ်ပညာ
နှင့်စာပေပညာများကို လေ့လာသင်ကြားခဲ့ရသည်များကို
အားလုံးရဲ့ရှေ့မှောက်မှာ ဂုဏ်ယူစွာနဲ့ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားကြီးကို လျှောက်လှမ်းချင်တာပေါ့၊
လေးစားအားကျတဲ့ အကြည့်ပေါင်းများစွာရဲ့ရှေ့မှာ အနှေး
လျှောက် ၊ အမြန်လျှောက်စတာတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုချင်တာပေါ့၊ နောက်ရံတပ်ရင်းကညီငယ်တွေရဲ့ကျောင်းဆင်းတပ်ရင်းအားအလေးပြုဆိုတဲ့
အသံကိုလည်းကြားချင်တာပေါ့၊ဒါတွေက ကျနော်တို့အပါတ်စဉ်ရဲ့ အောင်မြင်မှု့ အသီးအပွင့်တွေဖြစ်သလို ပညာရည်နို့ပြည့်ဝခြင်းရဲ့ အသိအမှတ်ပြုမှုတွေလည်းဖြစ်တယ်လေ......

သို့ပေမယ့် ကျနော်တို့ အပါတ်စဉ်ရဲ့ အောင်မြင်မှု့အသီးအပွင့်တွေကို ဒီဇင်ဘာရဲ့ထစ်ချုန်းမိုးကရိုက်ချိုးဖျက်စီးခဲ့တယ်။
ကျနော်တို့ရဲ့ မျက်ရည်တွေကလည်း ချယ်ရီမြေမှာ ထစ်ချုန်းမိုးနဲ့အတူကျန်ခဲ့ပြီ။အပင်ပန်း အဆင်းရဲခံပြီးကျောင်းဆင်းပွဲကြီးအတွက်ပြင်ဆင်ခဲ့ရတာတွေလည်း ချယ်ရီမြေရဲ့ရေစီးနဲ့အတူမျောလွင့်ခဲ့ပြီ။ ခေါက်ရိုးကျိုးနေတဲ့ ကျောင်းဆင်းပွဲဝတ်စုံလည်း မိုးစိုလို့ တွန်ကြေခဲ့ပြီ။ကျနော်တို့အပါတ်စဉ်ရဲ့
အိမ်မက်တွေကိုလည်း မိုးရေထဲမှာ အကောင်အထည်ဖော်ခွင့်
မရခဲ့လိုက်ကြဘူး..............

"သတိရမိပါတယ် ဒါပေမယ့် မတမ်းတမိတော့ဘူး
ချယ်ရီမြေရဲ့ ဒီဇင်ဘာမိုးကို.........
အော်....
ဘာလိုလိုနဲ့ (၅)နှစ်ပြည့်ဖို့
(၅) ရက်ပဲလိုတော့တာပါလား
အမိစစ်တက္ကသိုလ်နဲ့ ခွဲခွါခဲ့ရတာ........
လွမ်းနေအုံးမှာပါ အမိစစ်တက္ကသိုလ်"

စစ်တက္ကသိုလ်ကျောင်းဆင်းအားလုံးနှင့်
တပ်မတော်သားအားလုံးကိုလေးစားလျက်
တစ်ခါကအမေ့သား"၅၃" 

0 comments:

Post a Comment