December 5, 2015

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၇) သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း၊ရေ၊လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်အညီ တပ်မတော်၏ ခေါင်းဆောင် ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်၍ ထက်မြက်သည့် လက်ရုံးရည်၊ မှန်ကန်သည့် နှလုံးရည်များနှင့် ယုံကြည်ကိုးစားရသော ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လေ့လာမှု သည် ဘဝတစ်လျှောက် အောင်မြင်တိုးတက်မှုကို အထောက်အကူပြုနေမည်ဖြစ်ကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်အတိုင်း လေ့လာမှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ပြီး ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မှု များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရရှိထားသည့် လေ့လာမှု၊ လေ့ကျင့်မှုတို့အပေါ် လုပ်ငန်းခွင်၌ လိုက်နာ ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ရရှိစေမည်ဖြစ်ကြောင်း။
တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် တည်ကြည်ရိုးသားမှုနှင့် တောင်တည့်ဖြောင့်မတ်မှန်ကန်သည့် ကိုယ်ကျင့်တရား မြင့်မားရန်လိုကြောင်း၊ မိမိကိုယ်ကို ကိုယ်ကျင့်တရားကောင်းသည့် ခေါင်းဆောင်များအဖြစ် အစဉ်ဂရုစိုက်ထိန်းသိမ်းရန် အလေးအနက်မှာကြားလိုကြောင်း၊ မျှတသည့်စိတ်ထား၊ မှန်ကန်သည့်သဘောထား၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုများဖြင့် လက်အောက်ငယ်သားများအပေါ် ရဲဘော်ရဲဘက်စိတ်ထား၍ ပြုမူဆက်ဆံ သွားရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ လူ့ကျင့်ဝတ်တစ်ခုဖြစ်သကဲ့သို့ တပ်မတော်၏ ကျောရိုးဖြစ်၍ အထူး လိုက်နာစောင့်ထိန်း ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း၏ အခြေခံဖြစ်သည့် စစ်သည်တော်ကျင့်ဝတ် (၆၀)ပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်စွမ်းရည်ရှိမှုသည် စစ်စည်းကမ်း ကောင်းမွန်မှု၊ ဥပဒေလေးစားလိုက်နာမှုပေါ်တွင် များစွာတည်ကြောင်း၊ ပြည်သူကရွေးချယ်သည့် နိုင်ငံရေးစနစ်သည်လည်း စည်းကမ်းကောင်းမွန်မှု၊ ဥပဒေလေးစားမှုအပေါ်တွင် တန်ဖိုးထားသည့်အတွက် ခေါင်းဆောင်များအနေဖြင့် ဥပဒေလေးစားလိုက်နာမှုကို စံနမူနာပြလုပ်ဆောင်ပြရန်လိုကြောင်း။
မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လက်အောက်ကိုလည်း တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း၊ အတွေ့အကြုံ နုနယ်သေးသည့်ကာလများတွင် အလုပ်လုပ်ကိုင်သည့်အခါ စိတ်လိုက်မာန်ပါ မလုပ်ရန် လိုကြောင်း၊ အသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အပျော်အပါး အသောက်အစား ကင်းကင်းဖြင့် တန်ဖိုးရှိရှိနေထိုင်ရန်၊ အသုံးနှင့်အဖြုန်းကို ခွဲခြားနားလည်ပြီး ဝင်ငွေနှင့် ထွက်ငွေကို မျှမျှတတ သုံးစွဲစုဆောင်းတတ်သည့် အလေ့အကျင့်ကိုပါ မွေးမြူသွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်ကို အရည်အချင်းပြည့်ဝပြီး အရည်အသွေးရှိသည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် တည်ဆောက်နေချိန်ဖြစ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းရပ်အားလုံးကို ကြိုးကြိုးစားစား ဆောက်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များ အမြဲထက်မြက်နေရန်လိုကြောင်း၊ စွမ်းရည်သုံးရပ်ပြည့်စုံမှသာ ပေးအပ်သည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါက်ဖွားလာကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှ လွတ်လပ်ရေးရသည်အထိ ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပြီး လက်တွဲတိုက်ပွဲဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ အချိန်ထိ အရေးကြုံတိုင်း ပြည်တွင်းပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက်ချေမှုန်းရင်း နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ကာကွယ်ပေးခဲ့ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ခေတ်စနစ်ပြောင်းလဲတိုင်း မှာလည်း ဦးဆောင်ဦးရွက်ပြုခဲ့ရကြောင်း၊ တိုင်းရင်းသားမိဘပြည်သူများမှ ပေါက်ဖွားလာပြီး အစဉ်အလာ ကောင်းများနှင့် ရှင်သန်ရပ်တည်နေသော တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် အစဉ်အမြဲ ဒွန်တွဲလျက်ရှိကြောင်း၊ တိုင်းရင်းသာလူမျိုးပေါင်း ၁၀၀ ကျော်၊ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်သားများ အမြဲတမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ပြီး ခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော် ယိမ်းယိုင်ချိနဲ့သွားနိုင်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း။
ယနေ့ပြည်သူက ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် လျှောက်လှမ်းနေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဗဟိုဦးစီးအုပ်ချုပ်သည့် စနစ်မှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ပထမခြေလှမ်းသစ် ပြောင်းလဲ လျှောက်လှမ်းခဲ့ကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်း လျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ယင်းလမ်းကြောင်းကို သွားရာတွင် စည်းကမ်း ပြည့်ဝရန် လွန်စွာအရေးကြီးပြီး ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာခြင်းနှင့် ဥပဒေကို တန်ဖိုးထားလေးစားခြင်းတို့ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်မှာ သူ့တန်ဖိုး၊ ကိုယ့်တန်ဖိုးကို ကျီး ဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေဆိုသကဲ့သို့ အပြန်အလှန်လေးစား၊ အပြန်အလှန် အထောက်အကူပြု ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွပ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရေးကိုရှေးရှုပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ် ခဲ့သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အထင်ကရတွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကို ချမှတ်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ဖိတ်ခေါ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များ အတွက်လည်း အမြဲတမ်းတံခါးဖွင့် ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အများအပြား ကျန်ရှိနေသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် SSR ၊ DDR လုပ်ငန်းစဉ်များအတိုင်း လုံခြုံရေးအရ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အမျိုးသားရေးအသွင် အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေး ကို အမှန်တကယ်ရယူလိုသည့် ဆန္ဒရှိရန် လိုအပ်ပြီး စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အရင်းခံ လျှောက်လှမ်းဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေသော ထာဝရငြိမ်းချမ်းရေးသည် မလွဲမသွေရရှိမည် ပင်ဖြစ်ကြောင်း။
အမိစစ်တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရင်း ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုမှ အားကိုးယုံကြည်ထိုက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

0 comments:

Post a Comment