October 27, 2020

"ကျွန်တော်တို့ တက္ကသိုလ် ......"

"ကျွန်တော်တို့ တက္ကသိုလ် ......"

ကာကွယ်ရေး စစ်တက္ကသိုလ် ၁၉၅၄ ခုနှစ် သြဂုတ်လ(၁) ရက်နေ့တွင်စတင်တည်တည်ထောင်သည်။

--------------------------------


မိခင်ကို ကျောခိုင်း၊ သူငယ်ချင်းကို ပုခုံးဖက်ရင်း....

နောက်လှည့်မကြည်တဲ့ တက်ကြွခြေလှမ်းတွေနဲ့ လှမ်းခဲ့ဖူးတယ် ...

အမေကတော့ မျက်ရည်တွေနဲ့ပေ့ါ ......

ဗိုလ်လောင်းဖြစ်ခါစ၊

ပထမဦးဆုံးသော နိုင်ငံတော် အလံကို အလေးပြုခြင်းဟာ ...

လူပျိုတစ်ယောက်ရဲ့ ပထမဦးဆုံးသော ရင်ခုန်သံဖြစ်ခဲ့ဖူးတယ် .... ။

မနက်အစောထ ကြံ့ခိုင်ရေးပြေးတက်တဲ့ အချိန် ...

နှင်းတွေကြားက ချွေးစက်တွေက အမိမြေအတွက်ရယ်လို့ မှတ်ထင်ဖူးတယ် .... ။

သဲကျောပိုးအိတ် ပုခုံးထက်နဲ့၊

သေနတ်ကိုထမ်း သောကြာနေ့တိုင်း ၅ မိုင်အပြေးတက်ခဲ့ဖူးတယ် ..... ။

မနက်ကြံ့ခိုင်ရေးအပြန် မနက်စာထက် အိပ်ယာခင်ကျင်းမှုကို ဦးစားပေးရင်း

ဝတ်စားဆင်ယင်မှုစစ်ဆေးခံဖို့ အချိန်ကိုလုခဲ့ရဖူးတယ် .... ။

နားထဲမှာ အမြဲကြားနေတာက

" 5 mins Cadet " ......


အပြေးအလွှား ကော်တောင့်တွေနဲ့ ခါးပတ်ပြောင်လို့၊

ဖိနပ်ဘိုးတွေ အရောင်လပ်ရင်း ......

နိုင်ငံတော်အလေးပြု ၊ သစ္စာလေးချက်နဲ့ စီနိယာတွေရဲ့ ကျဆုံးမှုကို

နေ့စဉ်နေ့တိုင်း အောက်မေ့သတိရ ဂုဏ်ပြုခဲ့ကြဖူးတယ် .... ။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၃ ဦး၊ ရပ်နေသော လူများ နှင့် အပြင်ဘက်

မိုးတွေရွာလို့ PT ဖြုတ်သော်လည်းပဲ ကျွန်တော်တို့ အိပ်ဆောင်အောက်ကနေ ...

သစ္စာလေးချက်ကို မပျက်မကွပ်ရွတ်ဆိုခဲ့ဖူးတယ် ..... ။

PT ဖြုတ်တော့ ရေချိုးအဝတ်လဲ၊

သစ္စာမဆိုခင် စားရိပ်သာကို လက်ကပ် အပြေးတက်ခဲ့ဖူးတယ် .....။

စားရိပ်သာက ကျွေးတဲ့ ပဲနှပ်နဲ့ ချာပါတီက ...

ဘ၀ အတွက် အကောင်းဆုံး နံနက်စာလို့ ထင်မှတ်ခဲ့ဖူးတယ် .....။

နေ့လည် ထမင်းစားပြန် ....

အမိုးအောက်က လွတ်တာနဲ့ အပြေးတက်ရမယ်ဆိုတဲ့ စည်းကမ်းအတိုင်း ....

စားရိပ်သာ အမိုးအောက်ကို အားပ့ါးတရပြေးခဲ့ဖူးတယ် .....။

ခါးပတ်ချွတ်၊ ဦးထုပ်ချွတ်ရင်း ....

စီနီယာအကိုတွေရဲ့ ထွေးပန်ကန်တွေကို ပြင်ဆင်ပေးခဲ့ဖူးတယ် .....။

သတိကို မတ်အောင်ဆွဲ ......

ထမင်းစား သစ္စာကို ကျယ်လောင်စွာ ဆိုရင်း .....

ထမင်းတစ်လုပ်တန်ဖိုးကို နက်နက်ရှိုင်းရှိုင်းသိခဲ့ဖူးတယ် ......။

ထမင်း ၃ ထွေး၊ ပဲဟင်း ၂ ခွက် .....

၅ မီနစ်နဲ့ ပလုံးပထွေး စားခဲ့ဖူးတယ် .......။

ဒါကို နှိပ်စက်တာလားလို့ ...

ကလေး အတွေးတွေးခဲ့ရင်းနဲ့၊

ထမင်းစားပြီး စားရိပ်သာရှေ့တန်းစီတန်းအပ်၊

ဖားခုန်လေးနဲ့ နေ့လည်ပိုင်းသင်ခန်းစာကို ပြန်ဝင်ခဲ့ရဖူးတယ် ......။

ငယ်ငယ်ကအမေပြောခဲ့ဘူးတယ်.......

ထမင်းစားပြီး မပြေးရဘူး၊ ဗိုက်အောင့်တက်တယ်တဲ့ .....။

ဒီစကားက ငါတို့တွေ အတွက် မှားယွင်းတဲ့ အမှား တစ်ခုလို့ .....

ပြန်တွေးပြီး ရယ်မော ခဲ့ဖူးတယ် ......။

ညနေတိုင်တောင် သစ္စာလေးချက် ရွတ်ဆိုမပြတ်၊

စားရိပ်သာထဲ ထမင်းစား သစ္စာက ......

ငါတို့ ဘဝရဲ့ အထွဋ်မြတ်ထားရာ စကားတစ်ခုဖြစ်ခဲ့ဖူးတယ် .....။

ထမင်းမစားခင်၊ စီနီယာစီက ထမင်းစားခွင့်တောင်းခံခြင်းဟာ

ညီအစ်ကိုတွေ လေးစားစရာ ဓလေ့ဖြစ်ခဲ့ဖူးတယ် .......။

တစ်ချိန်က စားရိပ်သာဆိုတာ ....

ငါတို့ ဘဝတွေရဲ့ စိတ်ဓါတ်တွေကို ခိုင်မာလာအောင်

အုတ်မြစ်ချပေးရာ မဏ္ဍိုင်တစ်ခု .........။

ဒါဟာ .....

ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းရဲ့ ထုံးတမ်းစဉ်လာပါ .....။

အသေးအမွှား ကိစ္စလေးမှသည် အသက်ထိတိုင်ပင် အရာအားလုံး အရေးပါသည်ကို သင်ကြားပေးရာ ကျောင်းတော်ကြီးတစ်ခုဆိုလည်း မမှားဘူးပေ့ါ ..... ။

ကန်ရေပြင်မရှိဘူး၊ ခုံတန်းပြာလည်းမသိဘူး၊

ရောင်စုံတွေခြယ်သနေတဲ့ ပန်းခင်းကော်ဇော်ကြီးလည်း မရှိဘူး၊

ဂျက်ဆင်ထိပ်က လရိပ်ပြာဆိုတာ ကျွန်တော်တို့အတွက် ဟိုးးရှေးရှေးတုန်းက

ပုံပြင်အလား မှတ်ယူခဲ့ကြဖူးတယ် ..... ။

ရှုမငြီး လှပတဲ့ ပျိုမဒီတွေ ..... ၊

သင်းပျံလှတဲ့ ရေမွေးနံ့တွေ .... ။

ကျောင်းကြိုးကျောင်းပို့မဲ့ ဖယ်ရီကားကြီးတွေ....၊

သင်ခန်းစာပြီးလို့ နားနေစရာ ကန်တင်းကြီးတွေ .... ။

ဘာဆို ဘာမှ မရှိတဲ့ ...

" ဟုတ် / မဟုတ် " ဆိုတဲ့ ကမ္ဘာဂြိုလ်ငယ်တစ်ခု .... ။

စစ်သီချင်းသံတွေ လွှင့်ပံျရင်းနဲ့ ဘယ်ညာညီလွဲှလက်တွေက

အားမာန်အပြည့်နဲ့ ကျောင်းစာသင်းခန်းမကြီးကို

ချီတက်ခဲ့ဖူးတယ် ..... ။

ဘောက်စင်ကာလ၊ ဂျွမ်းဘားအလှ၊ ရေးကူးပြိုင်ပွဲ

နယ်ကျော်ပြေးပွဲ၊ မောပမ်းပစ်ခတ်၊ ချေမှုန်းရေး

ပြိုင်ပွဲပေါင်းစုံကို ဆင်နွဲှရင်းနဲ့


အောင်စစ်သည် ဒေါင်းတံဆိပ်အတွက် ရူးသွပ်ဖူးတယ် ..... ။

နိုင်ငံတော်အလံဘေး၊ တပ်ရင်းအလံ ....

တပ်ရင်းအလံရဲ့ အလှတန်ဆာ ဒေါင်းအလံ ...

အောင်စစ်သည်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက

ဒို့ဗိုလ်လောင်းတွေရဲ့ နှလုံးသွေးကြောအဖြစ် မှတ်ယူခဲ့ဖူးတယ် ..... ။

ရိုးရာ သင်္ကြန် စဉ်လာမပျက်၊ ကော်ရတာ ထွက်ပြီး

သီချင်းတွေနဲ့ ကခုန်ရင်း၊ စီနီယာတွေကို ရေကန်ထဲပြစ်ချခဲ့ဖူးတယ် ..... ။

ကောင်းကင်ထက် ကြယ်တစ်ပွင့်လောက်

ကိုယ့်ကိုယ်ကို မမှတ်ယူဖူးပေမဲ့၊

နိုင်ငံစည်းခြား မြို့ရိုးအလား၊

အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်အဖြစ်တော့ ခံယူခဲ့ဖူးကြတယ် ..... ။

စစ်မြေပြင်မဟုတ် .......

ကျောင်းတော်ကြီးရဲ့ လေ့ကျင့်ပေးမှုအောက်မှာ

စစ်မြေပြင်မှာဆို မင်းကြောင့် တပ်ခွဲ/တပ်စု ကျဆုံးသွားနိုင်တယ်ဆိုတဲ့ စကားသံနဲ့ ....

ကိုယ့်ကြောင့် အပတ်စဉ်တူတွေ 1 for all ဖြစ်ခဲ့မှာကို

သေမလောက်ကြောက်ခဲ့ဖူးကြတယ် ..... ။

ဆောင်းတွင်းရဲ့ နှင်းစက်တွေလား ....

ချမ်းအေးမှုကို အံတုရင်းနဲ့ ....

ဟောခန်းကြီးထဲက မှန်ချပ်တွေမှာ ချွေးငွေ့ပျံ.....

မှန်ချပ်တွေပေါ်မှာ အပတ်စဉ် နံပါတ် ကဗျည်းရေးထိုးရင်း

တိုက်ပုံ ကျယ်သီး တစ်လုံးချွတ်ရမဲ့ role တစ်ခုကို တက်မက်ဖူးတယ် ..... ။

မိုင် ၁၀၀ ခရီး ၅ ရက်နဲ့ အပြီး ခြေလျှင်အပြင်းနှင်ခဲ့ဖူးတယ် ....။

အကိုကြီးတွေရဲ့ ကျောပိုးအိတ်ကို သယ်ယူရင်း၊

ညီငယ်တွေရဲ့ ကိုယ့်ကျောပိုးအိတ်ကို လေးစားဂုဏ်ယူတဲ့အကြည့်တွေနဲ့ သယ်ယူတာလည်းခံဖူးတယ် ....။

စုတ်ပြတ်သတ်သွားတဲ့ ခြေထောက်တွေ၊ မိုးရေကြားက ခရီးဆက်ရင်း

သဲဝဲစားတဲ့ ခြေထောက်တွေ ....

"လေ့ကျင့်ရေးသည်၊ စစ်ဆင်ရေး၊

စစ်ဆင်ရေးသည်၊ လေ့ကျင့်ရေး၊

ချွေးထွက်များမှ သွေးထွက်နည်းမယ်၊

ယနေ့လေ့ကျင့်မှုသည်၊ တစ်နေ့နိုင်ငံနဲ့လူမျိုးအတွက်"ဆိုတဲ့ စိတ်ခံယူချက်တွေ

နှလုံးသားထဲ အမြစ်တွယ်ခဲ့ဖူးတယ် ....။

တစ်ယောက်ချင်းတက်လာရင် တစ်တောင့်ချင်းပစ်၊

ပစ်ချက်တိုင်းက ရန်သူ့အသက်ကိုခြွေမဲ့ လက်နက် .... ။

" ငါ မသေငါ့ စခန်းမကျစေရ "ဆိုတဲ့ စကားတစ်ခုက

ကျွန်တော်တို့ရဲ့ ဘ၀ ...

စီနီယာ တစ်ဦးရဲ့ သွေးစက်တွေနဲ့ ရေးခြစ်ခဲ့တဲ့ ....

" DSA Never Surrender "

ကျွန်တော်တို့ ဂျူနီယာတွေရဲ့ နှလုံးသားပေါ်က မှတ်ကျောက်တစ်ခုအဖြစ်

တစ်သက်တာ သတ်မှတ်ဖူးတယ် .... ။

မိဘတွေရဲ့ ဂုဏ်ယူအပြုံး၊ ပီတိမျက်ရည်တွေက ကျွန်တော်တို့ရဲ့ ကျောင်းဆင်းဘဝ

ကျောင်းဆင်းနေ့ရက်မှာ ၃/၄ နှစ် ညီအစ်ကိုရင်းထက် ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေ

နှုတ်ဆက်ဖို့ အချိန်မရခဲ့ဘူး ...... ။

ကျောင်းဆင်းကာလတွေ နှစ်တွေကြာတော့ ....

သတင်းသဲ့သဲ့ကြားခဲ့ရတယ် ...

ကျွန်တော်ဘေးက သူငယ်ချင်း တိုင်းပြည်တာဝန်ကျေပြွန်ခဲ့ပြီတဲ့ ..... ။

သူငယ်ချင်းတွေ တွေ့ဆုံပွဲမှ မလှပဘူးလို့ ထင်ခဲ့ရဘူးတယ်....

တစ်ချို့က ခြေတစ်ဖက်၊ တချို့က ခြေစုံ၊ တချို့ကြပြန်တော့လည်း လက်...

တစ်ယောက်ဆိုရင် လောကကြီးရဲ့ အကျည်းတန်မှုကို မျက်ကွယ်ပြုလိုက်ပြီ ....

အားလုံးသော သူငယ်ချင်းတို့ အမိကျောင်းတော်ကြီးရဲ့ ဂုဏ်ကိုဆောင်ခဲ့ကြတယ် .....

မလှပဘူးလို့ ထင်ခဲ့ပေမဲ့၊ သိပ်အဖိုးတန်တဲ့ ပေးဆပ်မှု ..... ။

တစ်ချိန်က နှင်းမှုန်ဖွေးဖွေး ချွေးစက်နဲ့ရေးခဲ့တဲ့ သမိုင်းတွေက

ကျွန်တော်တို့ရဲ့ ဗိုလ်လောင်းဘ၀ .....

ခုခါများတော့ သွေးစက်တွေနဲ့ ချယ်မှုန်းတဲ့ ပန်းချီကား တစ်ချပ်ပေ့ါ ..... ။

ME™

ကျွန်တော် ချစ်တဲ့ တက္ကသိုလ်ကြီးကို ဘယ်သူတွေကပဲ ပြစ်တင်နေပါစေ ....

သေထိတိုင်အောင် ချစ်နေဦးမှာ ....

0 comments:

Post a Comment