November 24, 2012

စစ်သားဘဝအမှတ်တရများ..........


From:ပုံရိပ်စစ်

မိုးလေး က ခပ်ဖျောက်ဖျောက်ရယ်........။ ပတ်ဝန်းကျင် တခုလုံးတိတ်ဆိတ်လို့။မြင်ကွင်းတဆုံးက လည်း မဲမှောင်နေပြီ။ကြောက်စိတ်ထက် စိုးရွံ့စိတ်က ပိုနေသည်။ ရုတ်ချည်း အေးစက်လာသော အသိစိတ်နှင့်အတူ အတွေးတို့ရပ်သွားသည်။မှေးငိုက်လာသော မျက်ဝန်းကို သတိပေးနေမိသည်။တချက်တီး အချိန်ဆို အိပ်ချင်စိတ်ကလည်း ကြီးစိုးမြဲ။လေပြင်းပြင်းလေး တိုက်ပါစေလို့လည်း ဆုတောင်းမိသည်။လေနုအေးများနှင့်အတူ မိုးစက်တို့ ထိတွေ့ကာလေမှ အိပ်ချင်စိတ်တို့ ပြေပျောက်နေပေမည်မဟုတ်လား။

သစ်ရွက်ခြောက်သံများ မြည်သံကြားလျှင် စိတ်တို့က ပိုနိုးကြားရသည်။ခြုံတိုး သံကြားလျှင် ပိုမျက်စိ ရှင်ရှင်ထားရသည်။အချိန်တွေကိုသာ မြန်မြန် ကုန်ဆုံးစေချင်ပြီ။ အတန်ကြာ တိတ်ဆိတ်ခြင်း တို့ကြီးစိုးသွားပြန်သည်။အနည်းငယ်စိတ်သက်သာခြင်းနှင့် အတူ သတိထားစိတ်ကို လျှော့ချမိသည်။ခံတွင်း ချဉ် လာခြင်းနှင့် အတူ ဆေးလိပ်သောက်ချင်မိသည်။ညာဖက် အကျီ အိပ်ကပ် ထဲမှာ ၂ လက်မခန့် ကျန်သေးသော ဆေးလိပ်ကိုထုတ်လိုက်သည်။အသုံးပြုနေကျ နို့ဆီဗူး ကို ယူကာ ကာဗာ*လုပ်ပြီး သောက်ဟန်ပြင်လိုက်သည်။မီးခြစ်ကို ယူကာ ကိုယ်နဲ့ ကွယ်ပြီး ခြစ်လိုက်သည်။ ဆေးလိပ်သောက်သော်လည်း မီးခိုးငွေ့များကို လွယ်လွယ် မထုတ်ရဲ။ဖြည်းဖြည်းခြင်း ရှိုက် လိုက်သည်။ခက်ခဲလိုက်သည့် အဖြစ်။

 ဒီကင်းစောင့်နေရာလေးက တော်ယုံတော့မဟုတ်။သူမရောက်ခင် လပိုင်းအလိုက ရဲဘော်တစ်ယောက် ကျသွားသည့် ဆက်သွယ်ရေးမြောင်း။မိုးတွင်းကာလမို့ ခြုံများက သန်လွယ်သည်။အမှန်တကယ် ရှေ့ကိုက် (၁၀၀)ခန့် အပြောင်ရှင်းထားနိုင်မှသာ မြင်ကွင်းကောင်းစွာ ကြီးစိုးနိုင်မည်မဟုတ်လား။ထမင်းချက်ရန်အတွက် သောက်သုံးရေကို လျှိုထဲမှ ခပ်ယူချိန်အတောအတွင်း ပင် ကင်းတို ကင်းရှည်များ စွာအသုံးပြုရသည်။ကိုက်(၁၀၀)က မြက်ပင်များကို အပြောင်ရှင်းဖို့ဆိုသည်မှာ အနည်းငယ် စွန့်စားလွန်းရာကျသည်။ သို့သော် သူရောက်ပြီ မကြာ။တပ်ရင်းမှူး၏ စီမံချက်ဖြင့် ဆက်သွယ်ရေးမြောင်း (၃)မြောင်းနှင့်အတူ ဘန်ကာ* (၆)ခု၊ရှေ့ကိုက် ပတ်ပတ်လည် မီတာ(၅၀) အပြောင်ရှင်းထားစေသည်။ဒီစခန်းမှာ နေသည့် အချိန်ကာလအတွင်း မြေပြင်ပေါ်ကို ခြေမချဖူးချေ။မြေအောက် ခါး တပိုင်းကျော်နီးပါး နက်သော ဆက်သွယ်ရေးမြောင်း အတွင်းသာ အမြဲမပျက်သွားလာရသည်။

 မီတာ (၅၀)ထိ အပြောင်ရှင်းထားသော ကွင်းပြင်ကျယ် မို့ အနည်းငယ်တော့ စိတ်သက်သာရာ ရမိသည်။ပတ်ပတ်လည် လူအင်အား (၂၀)မပြည့်သည့် ဒီနေရာ မှာ တိုက်စစ်အပြည့်ဖြင့်ဆိုလျှင်တော့ ခံနိုင်ရည်ရှိမည်မထင်။သို့သော် ဒီနေရာမှာ သူတို့၏ အင်အားကို အပြည့် အ၀ မသိနိုင်ခြင်းက အားသာချက်ပင်။အကယ်၍သာ................. လူ(၁၀၀)လောက် အင်အားဖြင့် ဗျူဟာမြောက်လာခဲ့လျှင်...... သောက်လက်စ ဆေးလိပ်ကို ချကာ မြင်ကွင်းကို ပိုစူးစိုက်လိုက်သည်။ မြင်ကွင်းတွေကသာ ရှေ့သို့ကြည့်နေမြဲဖြစ်သော်လည်း အတွေးတို့က မရပ်သေးချေ။မနက် မိုးလင်းလာသည်နှင့် စားသောက်ဖို့ ဟင်းလျာအတွက် ခေါင်းခဲရပေဦးမည်။တကယ်တော့ သူတို့ တပ်စခန်းက တပ်မ အတွက် နောက်ဆုံး ခံစစ်စခန်းဖြစ်နိုင်သည်။

ရဲဘော်များ အသေအကြေအများဆုံးကလည်း စခန်းအတွက် သစ်ဝါးခုတ်ချိန်များတွင်သာ။မိုးတွင်း ကာလ တနှစ်စာ ဒန်ပင်* လာပုံပြီးချိန် တွင်တော့ အစားအသောက်များလုံခြုံရေးအတွက် သစ်ဝါးများ ရှာရမြဲ။ရန်သူ စောင့်ကြည့်နေနိုင်သည်ကို သိသိပင် မလုပ်မဖြစ်သော အရာကို လုပ်နေရသည့်အတွက် မိမိသာ မက ရဲဘော်များ အားလုံးအတွေးမှာလည်း ဖြစ်မှဖြစ်ရော့သာ ဟုအတွေးမျိုးတွေးထားဟန် ရှိချေလိမ့်မည်ဆိုသည်မှာ မုချ မလွဲမသွေပင်။ သောက်သုံးရေ သည်ပင် ရှားပါးနေချိန်၌ ချိုးရေ အတွက်ဆို ပိုဆိုးသည်သာ။တောင်အောက်တွင်တော့ တသွင်သွင် စီးဆင်းနေသည့်ချောင်းသံကိုကြားရသည်။

သို့သော် ရေချိုး ဖို့ တခုတည်းအတွက်တော့ မိမိအသက်ကို မည်သူမျှ လောင်းကြေး မထပ်ရဲ ။အချိန်ကြာလာသည်နှင့် အမျှ အထီးကျန်သည့်ဒဏ်ကို လူးလိမ့်နေအောင်ခံစားရသည်။သို့သော် အပျော်ဆုံး အချိန်တချိန်တော့ရှိသည်။ပေးတပ်ဖွဲ့*လာလျှင်တော့ ပျော်ရသည်။သူများလို ချစ်သူတွေ ဆီက စာလာလို့ မဟုတ်။ဆေးလိပ် လှှိုင်လှှိုင် ရသည်မဟုတ်လား။ အထီးကျန်နေချိန်မှာ တကယ်တော့ အဖော် ပေးနိုင်သူက သူ့အတွက် ဆေးပြင်းလိပ်သာဖြစ်ခဲ့သည်လေ။ ဒီစခန်းလေးမှာ တပ်ရင်းမှူး တစ်ယောက် ၊စီနီယာတစ်ယောက် ၊သူနှင့် ရဲဘော် အယောက် (၂၀)မပြည့်။

တနေ့ ကုန်သွားချိန်တိုင်းတွင်ပင် တစ်ယောက်မျက်နှာ တစ်ယောက် စုံအောင် မြင်ခွင့်မရ။ပေးအပ်ထားသော ကင်းအချိန် တွင် ကင်းစောင့်။ချက်ပြုတ်သည့် ရဲဘော် က ချက်ပြုတ်။အချိန်နှင့် နေရာ မလပ်အောင် သူ့တာဝန်သူကျေအောင်နေရသည်။ ကိုယ်လို လူပျိုလူလွတ် တစ်ယောက်သည်ပင် အထီးကျန် ခံစားမှု့မျိုး ခံစားရမည်ဆိုလျှင် အိမ်ထောင်ရှိ ဆရာကြီးများနှင့် ရဲဘော်များအတွက်ဆို ဆိုဖွယ်ရာမရှိပါတော့ချေ။ တခါက ကြုံဖူးသည်။ဟင်းချက်စရာ ပြက်သွားတော့ ငှက်ပျောအူချက်စားကြသည်။တခါ တရံ အတွက်သည်တော့ အလွန်ကောင်းသည်။နူးညံနေသယောင် အရသာက တမျိုးတဖုံ ဆွဲဆောင်မှု့ရှိသည်။မြို့များတွင်တော့ မုန့်ဟင်းခါးချက်ပြုတ်ရာတွင် တချို့ဒေသများတွင် စားဖူးစားကျပေလိမ့်မည်။တခါမဟုတ် အခါများလာသောအခါ ဝမ်းချုပ်သည့်ဒဏ်ကို အလူးအလဲခံစားရသည်။ငှက်ပျောပင် ကုန်သည့် အခါ မြေအောက် က ငှက်ပျောခေါင်း*ကို တူးပြီး စားရသည်။

ထို့ အချိန်များတွင်ပင်လျှင် ပေါပေါ လျှံလျှံ မဟုတ်။အညီအမျှ ခွဲဝေကာ စားသောက်ရသည်။ သူကဲ့သို့ စစ်မြေပြင်ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကျသော စစ်သည်ရဲဘော် ၊အရာရှိတွေ မည်မျှ ရှိနေလိမ့်မည်လဲ ဆိုတာ မသိချေ။ညနေစောင်း လာသည့်နှင့် မီးများငြိမ်းကာ ဓါတ်မီး ကိုခပ်အုပ်အုပ်ထွန်းပြီးနေရသောအခါ မီးမရ၍ ဆန္ဒပြနေသည့်သတင်းကြားသော် သူရီ(ရယ်)ချင်မိသည်။ဆက်သွယ်ရေး မြောင်းအတွင် း ကင်းချိန်မရှိလျှင် ပါလာသည့် ရေဒီယို လေး ကို ဖွင့်ကာ FM နားထောင်နေလျှင်နေ ၊သတင်း နားထောင် နေလျှင်နေရသည်။ အင်တာနက်မြန်နှုန်း ဆိုသည်ကိုလည် း သူမသိ။သူ့ရဲဘော်များ ဆိုလျှင်ပိုဆိုးချေတော့မည်မဟုတ်လား.....။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီက လူသုံးများနေသည်။ ဒီမိုကရေစီက ဆင်းရဲနေသူကို ချမ်းသာလာအောင်လုပ်ပေးနိုင်လား သူမသိချေ။ ရုတ်ချည်း အေးစက်လာသော အသိစိတ်နှင့်အတူ အတွေးတို့ရပ်သွားသည်။

မှေးငိုက်လာသော မျက်ဝန်းကို သတိပေးနေမိသည်။တချက်တီး အချိန်ဆို အိပ်ချင်စိတ်ကလည်း ကြီးစိုးမြဲ။လေပြင်းပြင်းလေး တိုက်ပါစေလို့လည်း ဆုတောင်းမိသည်။လေနုအေးများနှင့်အတူ မိုးစက်တို့ ထိတွေ့ကာလေမှ အိပ်ချင်စိတ်တို့ ပြေပျောက်နေပေမည်မဟုတ်လား။သစ်ရွက်ခြောက်သံများ မြည်သံကြားလျှင် စိတ်တို့က ပိုနိုးကြားရသည်။ခြုံတိုး သံကြားလျှင် ပိုမျက်စိ ရှင်ရှင်ထားရသည်။အချိန်တွေကိုသာ မြန်မြန် ကုန်ဆုံးစေချင်ပြီ။

 ဘန်ကာ=မြေသားဖြင့်သော်လည်းကောင်း ၊သစ်သားများဖြင့်သော်လည်းကောင်း အခိုင်အမာပြုလုပ်ထားသော ကတုတ်ကျင်း

 ဒန်ပင်= ရိက္ခာများ (စစ်သုံး ဝေါဟာရ)

ပေးတပ်ဖွဲ့= ရှေ့တန်းစစ်စခန်းများအား ရိက္ခာ၊လစာများ ပေးပို့ရသည့်တပ်

ငှက်ပျောခေါင်း=ငှက်ပျောပင်အား အပင်ခြေရင်းမှခုတ်ဖြတ်ပြီးသကာလ မြေအောက်တွင်ကျန်ရစ်နေသော အမြစ်။...............




0 comments:

Post a Comment