December 10, 2013

တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၆) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် မည့် ပြည်ထောင် စု တပ်မတော်သည် အင်အား တောင့်တင်းပြီး စွမ်းရည်ထက် မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန် လိုအပ်တယ်။ ခေတ်မီ တပ်မတော် တစ်ရပ်ရှိမှသာ စစ်ရေး စွမ်းအား(Military Might) ကို ရရှိမှာ ဖြစ်တယ်၊ စစ်ရေး စွမ်းအားရရှိရန် အတွက် အဓိက လိုအပ်ချက်မှာ လူသား အရင်းအမြစ်၊ အတတ်ပညာ၊ ဓနအင်အား စိတ်ဓာတ်နဲ့ ပထဝီ အနေအထား တို့ပင်ဖြစ်တယ်။ ခေတ်မီ တပ်မတော် တည်ဆောက်ရေးတွင် အတတ်ပညာ ပြည့်ဝသည့် လူသား အရင်း အမြစ်များ အဖြစ် မိမိတို့ တတ်သိထားသည့် အင်ဂျင်နီယာ ပညာရပ်များကို အသုံးပြုပြီး ကျရာ နေရာကနေ စွမ်းစွမ်းတမံ ဆောင်ရွက်သွား ကြရန်လိုအပ် တယ်။ တပ်မတော် စွမ်းရည်ရှိရန် အတွက် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝပြီး ထူးချွန် ထက်မြက်သည့် အင်ဂျင်နီယာ အရာရှိ ကောင်းများ ပေါ်ထွက်လာစေရန် တပ်မတော် နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ် သင်ကြားနေခြင်း ဖြစ်တယ်။

ခေတ်သစ် စစ်ပွဲများ၏ သဘော သဘာဝကို လေ့လာကြည့်လျှင် နည်းပညာ မြင့်မားမှုကို အသုံးချပြီး သာလွန် စွမ်းအားနှင့် တိုက်ခိုက် လာသည်ကို တွေ့ရမှာဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် နည်းပညာ စွမ်းရည် မြင့်မားရန် လိုအပ်လာခြင်းကို တွေ့ရှိရမှာ ဖြစ်တယ်။ မျက်မှောက်ခေတ် ကာလတွင် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ပြိုင်ဘက် အုပ်စုတစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်ကြသည့် နေရာတွင် စစ်ရေးနည်းလမ်း တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်သော ဘက်စုံစစ်ပွဲ (Multi Dimensional Warfare) အသွင်ဆောင် လာခြင်းကြောင့် မိမိနိုင်ငံကို ဘက်စုံ လုံခြုံအောင် ကာကွယ်ရန် အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး သာမက နိုင်ငံတကာ ရေးရာ အမြင်လည်းရှိရန် လိုအပ်တယ်။

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရန် အတွက် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနှင့် စက်မှုဆိုသည့် ကဏ္ဍသုံးရပ်တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးက စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလွန် အရေးပါသည်ကို တွေ့ ရမှာ ဖြစ်တယ်။ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အင်ဂျင်နီယာနှင့် နည်းပညာရပ်များ ဖွံ့ဖြိုးရေးသည် အထူး အရေးကြီးသည့် အတွက် နိုင်ငံတော် တည်ဆောက်ရေးတွင် တတ်ကျွမ်းထားသည့် အင်ဂျင်နီယာနှင့် နည်းပညာ ရပ်များကို တစ်ထောင့် တစ်နေရာက အသုံးချ သွားရမှာဖြစ်တယ်။

မိမိတို့ နိုင်ငံ၏ သမိုင်း အစဉ်အလာကို လေ့လာကြည့်လျှင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်း မင်းတရားကြီးတို့ လက်ထက်တွင် နိုင်ငံအဝှမ်း စည်းလုံး ညီညွတ်ပြီး အင်အား တောင့်တင်း ခိုင်မာသည့် တပ်မတော် ကြီးကို ဖွဲ့စည်း ထားနိုင်ခဲ့သည့် အတွက် မိမိတို့ နိုင်ငံ၏ ပိုင်နက် နယ်မြေဖြင့် အာဏာ သက်ရောက်မှုဟာ အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင် နိုင်ငံများက လေးစား ခဲ့ရတယ်။ နိုင်ငံစည်းလုံး ညီညွတ်မှု လျော့နည်းပြီး တပ်မတော် အင်အားချည့်နဲ့သည့် အချိန်တွင် နိုင်ငံ၏ လွတ်လပ်ရေး ဆုံးရှုံးပြီး သူ့ကျွန်ဘဝ ကျရောက် ခဲ့ရတယ်။

မိမိတို့နိုင်ငံ အနေဖြင့် လွတ်လပ်ရေးရပြီးစ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု အင်အား ကြီးမားပြီး အရှိန်အဟုန်ပြင်း ထန်နေသည့် အချိန်တွင် တပ်မတော်ဟာ လူအင်အား၊ လက်နက် အင်အား အစစ အရာရာ ချည့်နဲ့ခဲ့တယ်။ ယင်းကာလက ရန်ကုန်မြို့ ဆိုသည့် ကွက်ကွက် ကလေးသာ ကျန်သည့် အခြေအနေ ဆိုးမျိုးက နေ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ခြင်းသည် မိမိတို့၏ မျိုးချစ်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စား ရဲသည့် စိတ်ဓာတ်တွေ အပြင် တိုင်းပြည်ကို တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်လိုစိတ် အပြည့်ရှိသည့် ပြည်သူလူထု၏ ထောက်ခံ အားပေးမှုများ ကြောင့်သာ ဖြစ်သည်ဆိုတာ အထင်အရှား တွေ့ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီသမိုင်းကြောင်းနဲ့ စိတ်ဓာတ်တွေကို မမေ့ကြဖို့ လိုအပ်တယ်။ အဲဒီ စိတ်ဓာတ်များဖြင့် တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုကိုလည်း တွန်းလှန်နိုင်ခဲ့တယ်။ ၎င်းသမိုင်းသင် ခန်းစာ အရ တပ်မတော် သည် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နိုင်ရုံ သာမက မမျှော်လင့်ဘဲ ပေါ်ပေါက် လာတတ်သည့် ပြည်ပ ကျူးကျော်မှုမျိုးကို လည်း ပြည်သူ နှင့်အတူ တစ်သား တည်းရှိပြီး ပူးပေါင်းချေမှုန်း နိုင်ရမှာဖြစ်တယ်။

ယနေ့မိမိတို့ နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံး နေတယ်။ မိမိတို့ နိုင်ငံတွင် လွတ်လပ်ရေး ရပြီး ချိန်ကစပြီး ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတည် မငြိမ်ဖြစ်လာသဖြင့် တပ်မတော်က တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရတယ်။ တိုင်းပြည်တည်ငြိမ်ပြီး နောက်ပိုင်း အချိန်က သူ့ခေတ်သူ့ အခါနှင့် ကိုက်ညီမည် ယုံကြည်ရသည့် ဆိုရှယ်လစ် ဒီမိုကရေစီ စနစ်ကို ပြောင်းလဲကျင့်သုံး ခဲ့သော်လည်း ချို့ယွင်း အားနည်းမှု များကြောင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် ပြည်သူများက တောင်းဆိုမှုပြုရာတွင် ပြည်သူများ အတွက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မင်းမဲ့ စရိုက်များ ဖြစ်ပေါ်ခြင်းများ၊ နယ်စပ် ဒေသများတွင် စစ်ရေး ပဋိပက္ခများ ဖြစ်ပွားခြင်း များကြောင့် တိုင်းပြည် တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိအောင် တပ်မတော် က ဖော်ဆောင် တွန်းတင် ပေးခဲ့ရတယ်။

မည်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်မှု များကို လက်မခံမှုများ တွေ့ရတယ်။ ယခုလို ဒီမိုကရေစီ ပြောင်းလဲ ဖော်ဆောင်ရာတွင် ယနေ့ ကမ္ဘာ့နိုင်ငံ အချို့၌ ကြုံတွေ့နေရသည့် အသွင် ကူးပြောင်းရေး ကာလ မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခ ဖြစ်ပွားမှုများကို သင်ခန်းစာ ရယူပြီး အေးချမ်း တည်ငြိမ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်အောင် ပြည်သူလူထု အပါ အဝင် တစ်နိုင်ငံလုံးက ပူးပေါင်း ပါဝင် ဆောင်ရွက် သွားကြရန် လိုအပ်တယ်။

မိမိတို့ နိုင်ငံသည် ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေး ပုံစံ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်တယ်။ ယခုလို ဆောင်ရွက်သည့်နေရာ တွင် ပြည်သူများ ပူးပေါင်းပါဝင်မှု၊ ထင်သာမြင်သာရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ အများ ဆန္ဒကို အလေးထားမှု၊ တန်းတူ ညီမျှမှု၊ စွမ်းဆောင်ရည် ရှိမှုနှင့် တရားဥပဒေ စိုးမိုးမှု (Rule of Law) တို့ရှိရန် လိုအပ်တယ်။

ဒီမိုကရေစီစနစ်ဟာ လွတ်လပ်မှု ကို အခြေခံသည့် စနစ်ဖြစ်သဖြင့် အားလုံးက စည်းကမ်းနှင့်ဥပဒေ ကို လေးစားလိုက်နာပြီး အပြု သဘောပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်တယ်။ ဒီမိုကရေစီ ဆိုသည်မှာ ရယူခြင်းသာမဟုတ်ဘဲ ပေးဆပ်ရမည့်တာဝန်ဝတ္တရားတွေ လည်းရှိသည်ဆိုတာကို မမေ့ရန်လို အပ်တယ်။ အထူးသဖြင့် စည်းကမ်းနှင့် ဥပဒေများကို လိုက်နာပြီး အနိမ့်ဆုံးအဆင့် ပေးဆပ်ဆောင် ရွက်ရန် တာဝန် ရှိတယ်။ တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်က တည်းက စည်းကမ်းနဲ့ စိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်။

စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာပဲ ဖြစ်တယ်။ တပ်မတော်သား များသည် ပြည်သူအတွင်းက ပေါက်ပွားလာပြီး မိမိဆန္ဒအလျောက် တပ်မတော် အတွင်းကို ဝင်ရောက် လာသူများ၊ အထူးသဖြင့် ပြည်သူ့ တပ်မတော် သားတွေ ဖြစ်သည့်အတွက် တပ်မတော်က ချမှတ်ထားသည့် စစ်ဘက် ဥပဒေ၊ စစ်စည်းကမ်း များအပြင် နယ်ဘက်ဥပဒေ၊ နယ်ဘက် စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာ ဆောင်ရွက်ပြီး တပ်မတော် ၏ အဓိက တာဝန်ကြီး များဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်း တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် သွားကြရန် လိုအပ်တယ်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂ဝမှာ ပြဋ္ဌာန်း ထားသည့် အတိုင်း ဒို့တာဝန် အရေးသုံးပါးကို ကာ ကွယ် စောင့်ရှောက် ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော်မှာ အဓိက တာ ဝန်ရှိ သည်ကို မှာကြားလိုတယ်။

မိမိတို့ နိုင်ငံသည် လွန်ခဲ့သည့်နှစ် ပေါင်းများစွာ ကတည်းက နေရာဒေသ အနှံ့အပြားမှာ တိုင်းရင်းသား လူမျိုးစုများ ယဉ်ကျေးမှုအဖုံဖုံဖြင့် နေထိုင်ခဲ့ကြသော်လည်း တစ်မြေတည်းနေ တစ်ရေတည်း သောက် များ ဖြစ်ခြင်းကြောင့် ရိုးသားခြင်း၊ ကြင်နာခြင်း၊ ကူညီရိုင်းပင်းခြင်း၊ ခွင့်လွှတ်သည်းခံခြင်း စသည့် တူညီသော သဘာဝများရှိ ကြခြင်းဖြစ်တယ်။ ယင်းသို့ တိုင်းရင်းသားလူမျိုးစုများ အတူ တကွနေထိုင်ကြသည့် မိမိ တို့နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အခြေခံ အုတ်မြစ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပင် ဖြစ်တယ်။ တိုင်းရင်းသား အားလုံး စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် တစ်နည်း အားဖြင့် ပြည် ထောင်စု စိတ်ဓာတ် ရှိရန် လိုအပ်တယ်။

ကမ္ဘာပေါ်မှာ ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းသည် ပြည်တွင်း တည်ငြိမ် အေးချမ်းမှုရှိပြီး ဖြစ်တာ တွေ့ရတယ်။ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ရှိမှသာ တရားဥပဒေ စိုးမိုးမှုရှိပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို နယ်စပ်ဒေသများပါ မကျန် ဆောင်ရွက်နိုင်မည် ဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို လိုလားသည့် တပ်မတော်သည် စုစည်း ညီညွတ်သည့် ပြည်ထောင်စုကြီးကို ရည်မှန်းပြီး နိုင်ငံတော်၏ မူဝါဒများ နှင့် အညီ စိတ်ကောင်း စေတနာ မှန်ကန်စွာဖြင့် ဆောင်ရွက်လျက် ရှိတယ်။

မိမိဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာ၊သင်ယူ၊ လိုက်နာပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အလုပ်လုပ်ကြရမည် ဖြစ်တယ်။ ကြိုးစားအားထုတ်မှု မရှိဘဲ အလုပ်မလုပ်ဘဲဖြင့် တိုးတက်မှု မရနိုင်ဘူး ဆိုသည်ကို သိရှိထားကြရမည် ဖြစ်တယ်၊ ဒါ့ကြောင့် မိမိရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသ အသီးသီးတွင် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများကို ပီပီပြင်ပြင် ဆောင် ရွက်ပြီး ဒေသခံတိုင်း ရင်းသားများကို ပြည်ထောင်စု စိတ်ဓာတ်ရှိ လာအောင်၊ စည်းလုံး ညီညွတ်အောင်၊ ဒေသဖွံ့ဖြိုး တိုးတက်အောင် ဦးဆောင်ကြိုးပမ်း လုပ်ကိုင် သွားကြရမည်ဖြစ်တယ်။

လူမှုဘဝ နယ်ပယ်တွင် လည်း အခြေ ခံခိုင်မာအောင် တည်ဆောက်ပြီး တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းခြင်း မပြုလျှင် အောက်ခြေမခိုင်၍ မလိုလားအပ်သည့်ပျက်စီး ဆုံးရှုံးမှုများနှင့် ကြုံတွေ့ ရနိုင်တယ်။ ခေါင်းဆောင် ငယ် များဖြစ်သည့် ရဲဘော်တို့သည် အချိန်ကို စနစ်တကျ စီမံ ခန့်ခွဲနိုင်ရန်နှင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင် စွမ်းရှိရမည် ဖြစ်တယ်။ လူတိုင်းမှာ ရည်မှန်းချက် ပန်းတိုင်များရှိ သော်လည်း ကြိုး စား အားထုတ်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းမှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ စစ်စည်း ကမ်း လိုက်နာမှု၊ ခေါင်းဆောင်မှု ကောင်းခြင်းများ အပေါ်မှာ မူတည်ပြီး တိုးတက်မှုနှင့် တာဝန် ပေးအပ်ခံ နိုင်မှုများဟာ ကွာခြား သွား နိုင်တယ်။ ဒါ့ကြောင့် အစစ အရာရာ ချင့်ချိန်ပြီး ခေါင်းဆောင်ကောင်း ပီသစွာဖြင့် ပေးအပ်သည့် တာဝန်များကို ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားလိုတယ်။

အမြင်လေးမြင် ရင့်သန်ပြီး တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားကို ထိရောက်စွာ သယ်ပိုး ထမ်းဆောင် နိုင်စွမ်းရှိသောအင်ဂျင်နီယာ ပညာရှင် အရာရှိ ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်၊ အရာရာကို စနစ်တကျ လေ့လာပြီး အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ကျွမ်းကျင်ခိုင်မာမှု ရှိအောင် တည်ဆောက်ပြီးမှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ရေး ကြိုးစားကြရန် လိုတယ်။

အနာဂတ်တွင်အဆင့် မြင့်သည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး တပ်မတော် စွမ်းရည် ရှိရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍများတွင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ တပ်မတော်၏ အဓိက တာဝန်များကို ထမ်းဆောင်ရင်း တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရန်၊ ဒို့တာဝန် အရေးသုံးပါးကို အစဉ် ဦးထိပ်ထားပြီး အနာဂတ် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသည့် ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုတယ်။

0 comments:

Post a Comment